Thursday, February 7, 2013

မွေးနေ့  (သေဆုံးခြင်းများ) အမှတ်တရ


ကျမဖေဖေက၀န်ထမ်းတယောက်ပါ။ ထားဝယ်မှာတာဝန်ကျနေတုန်းက ကားရလို့  ကားမောင်းရင်းမှ ကားညာဘက်သို့ ဆွဲဆွဲသွားသောကြောင့် ဆေးခန်းသွားပြခဲ့ပါသည်။ ထားဝယ်မှ ဆရာဝန်ကြီးဦးဖိုးတုတ်က ရန်ကုန်သို့ အမြန်ပြန်၍ မိသားစုပင်စင်တင်သင့်ကြောင်း နှင့်ဆေးကုသဘို့ အကြံဥဏ်ပေးခဲ့ပါသည်။ သို့ နှင့်ဖေဖေကို ရန်ကုန်သို့ ပြန်ခေါ်လာခဲ့ပါသည်။ ဆေးခန်းပြောင်းများစွာကို အစိုးရိမ်ကြီးစွာ လိုက်ပြနေသောမေမေ့ခမျှာသနားစရာပင်။ အဖြေရလာခဲ့ပါပြီ။ အဆုတ်မှာ အကြိတ်တွေ့ ပါသည်တဲ့။ အဆုတ်ကင်ဆာလို့ ခေါ်ပါသည်။ ကျမဖေဖေ ဆေးလိပ်အလွန်ကြိုက်သောကြောင့် ဆေးလိပ်`၏ ဆိုးကျိုးကို စတင်ခံစားရပါပြီ။ ဖေဖေ နေမကောင်းသောကြောင့် ကျမတို့ ဇနီးမောင်နှံကို အိမ်ပေါ်သို့ ပြန်ခေါ်ခဲ့ပါသည်။ ကျမသားလေး နှစ်လခန့် ရှိနေပါပြီ။ ကျမအမျိုးသားရုံးကပြန်လာလျှင် ကျမဖေဖေကို ပြုစုရန် မေမေတယောက်ထဲမနိုင်သောကြောင့်ဖြစ်ပါသည်။ ကျမကတော့ ခလေးငယ်သေး၍ ဖေဖေ့နားနေရုံလောက်သာရပါသည်။ ကျမဖေဖေ ရှစ်လတိတိ အိပ်ရာထဲလဲခဲ့သောကြောင့် ကျမလဲ ကျမကိုယ်ကျမ ဂရုမစိုက်ဖြစ်ခဲ့ခြင်းပါ။ ကျမသားလေး ကိုးလတွင် ကျမဖေဖေဆုံးပါသည်။ ကျမ အတွက် ပြန်သတိထားမိလိုက်ချိန်တွင် ကျမမှာ ကိုယ်ဝန်နှစ်လ ရှိနေပါပြီ။ ညစဉ် ညတိုင်း ဖေဖေ နှင့်လူနှစ်ယောက်နောက်ကလိုက်လာသည်ကို အိမ်မက်မက်ပါသည်။ ကျမဘယ်လို လုပ်ရမည် ကိုမသိတော့ပါ။ ကျမ ကိုယ်ဝန် ပျက်ကြသွားခဲ့ပါသည်။ ကျမ မေမေက  သစ်တော်သီးစားမလား လို့ မေးတော့ ဘာမှစားချင်စိတ်မရှိသောကျမ စားလိုက်မိပါသည်။ ထိုနေ့ ညနေ ကျမအတွက် ကံဆိုးမိုးမှောင်ကျပါပြီ။ ကျမ အဖျားတွေတက်ပြီး ခြုံထားသောစောင် တရမ်းရမ်းဖြစ်နေသောကြောင့် မေမေက ကျမကိုလှုပ်နိုးရာ ကျမမနိုးတော့ပါ။ ချက်ခြင်းပင်ဆေးရုံသို့ သွားခဲ့ပါသည်။ ကျမကားပေါ်တွင် လိုက်ပါနေသောအချိန် အပြင်က မီးရောင်များကို မြင်နေရပါသည်။ ဆေးရုံသို့ ရောက်သောအခါ ကျမ မေးခိုင်နေပါသည်။ ကျမစကားပြောလို့ မရတော့ပါ။ ကျမကို ဆရာဝန်လေးတယောက်က ပါးကိုခပ်စပ်စပ်လေး ရိုက်ရိုက်ပြီးမေးနေပါသည်။ နာမည်ဘယ်လိုခေါ်သလဲ နှင့်အကြိမ်ပေါင်းများစွာမေးနေပါသည်။ ကျမသိနေသော်လည်းပြန်ပြောလို့ မရခဲ့ပါ။ နောက်ဆုံး အချိန် ကျမကို အားယူ၍ပြောရန် ကြားလိုက်သောကြောင့် အတင်းညှစ်ထုတ်ပြီး ပြောလိုက်ရာ အသံထွက်သွားခဲ့ပါသည်။ တိုသို့ မှ ကျမအား ခွဲခန်းထဲသို့ သွင်း၍  သန့် ရှင်းရေးလုပ်ပေးပြီး ဆေးတလုံးထိုးပေးပါသည်။ ကျမဘာဆိုဘာမှမသိတော့ပါ။ ကျမသတိရသည့်အချိန်တွင် ကျမနံမည်တွင်နေသည်က သားအိမ်ပုတ်နေပါသည်။ အနံ့ တောင်ထွက်နေပါသည်။ အချိန်များ နဲနဲလေးနောက်ကျခဲ့လျှင် သေနိုင်ပါသည်တဲ့။ ကျမအသက်ဘေးကသီသီလေးလွတ်ခဲ့ရပါသည်။ 



မလေးရှားတွင်နေထိုင်ခဲ့စဉ်က ကျမမှာ ဆိုင်ကယ်နှစ်စီး ရှိပါသည်။ ဆိုင်ကယ်တစီးက ကလပ်နဲ့ ဖြစ်ပြီး နောက်ဆိုင်ကယ်တစီးက အော်တိုပါ။ ကျမနေထိုင်ရာနေရာက သတ်သတ် အလုပ်သမားတွေနေရာကသတ်သတ်စီ ဖြစ်သောကြောင့်လိုအပ်သောအချိန်တွင် သွားလို့ ရအောင်ပါ။ ထိုနေ့ က အလုပ်သမားတွေ လခချဘို့  သူဌေးဆီက ပိုက်ဆံသွားယူ ပြီး အလုပ်သမားတွေဆီကို သွားခဲ့ပါသည်။ အော်တိုဆိုင်ကယ်နှင့်ပါ။ ကျမဆိုင်ကယ်စီးရာတွင် ဘယ်တော့မှ အလွတ်မစီးပါ။ လက်အိတ် အပေါ်အကျီ င်္ တို့ ကိုလုံခြုံအောင်ဝတ်တတ်ပါသည်။
ပိုက်ဆံပေးပြီး အပြန်တွင် High Way လမ်းမကြီး ဆိုင်ကယ်လမ်းအတိုင်း မောင်းလာရင်းမှ ကိုယ့်ကိုယ်ပင်ဘာမှန်းမသိလိုက်ပါ။ သတိတချက်ရလိုက်သောအချိန်တွင် ကျမညာဘက်လက်ကဆိုင်ကယ်ကို ကိုင်ရင်း လမ်းလယ်ခေါင်သို့ လျှောတိုက်ပြေးနေပါသည်။ ကျမစဉ်းစားလိုက်မိပါသည်။ ငါဆိုင်ကယ်ကိုလွှတ်လိုက်ရမလား နှင့် မျက်စိက လမ်းလယ်ကိုလှမ်းကြည့်လိုက်မိသည်။ သံတိုင်များ ရှိနေပါသည်။ ကျမ တဒင်္ဂအတွင်း ဆိုင်ကယ်ကိုလွှတ်လိုက်ရာ ဆိုင်ကယ်မှာလေးညို့ မှလွှတ်လိုက်သောမျှားသဖွယ် အလယ်လမ်းသံတိုင်ဆီသို့ ဦးတည်ပြီး ထိုသံတိုင်နှင့် ပြင်းထန်စွာရိုက်နေသည်ကိုတွေ့ နေရပါသည်။ ကျမကတော့ ခြောက်လမ်းမောင်းလမ်းမကြီး အလယ်မှာ မှောက်ရက်လေးကျန်ခဲ့ပါသည်။ ထိုအချိန် ကားများလာပါက ကျမအတွက်လွတ်လမ်းမရှိပါ။ High Way လမ်းဖြစ်သောကြောင့်လဲ ကားများအရှိန်လျှော့လိမ့်မည်မဟုတ်ပါ။ သေဖွယ်ရာသာရှိပါသည်။ ကံကောင်းပါသည်။ ကားတစီးမှ မလာပါ။ ကျမကမန်းကတန်းထ၍ ဆိုင်ကယ်ဆီကိုပြေးသွားပါသည်။ အော်တိုဆိုင်ကယ်ဖြစ်သောကြောင့် ဖင်ထိုင်ခုံအောက်တွင် ကျမပိုက်ဆံအိတ်ကိုထည့်ထားရာ ပစ္စည်းများအားလုံးတစစီပြန့် ကျဲနေပါသည်။ ကျမတခုစီလိုက်ကောက်ရင်း ဆိုင်ကယ်ကို ကြည့်လိုက်ရာ စုတ်ပြတ်နေပါပြီ။ ထိုအချိန်တွင် ကားများ ဆိုင်ကယ်များရောက်လာပြီး  ဘာကူညီရမလဲ ဘာလုပ်ပေးရမလဲ ဘာဖြစ်တာလဲ နှင့် လူများအုံနေပါတော့သည်။ ကျမကတော့ ပိုက်ဆံအိတ်လေးကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားရင်း ဘာမှမဖြစ်ကြောင်း သို့ သော် ဆိုင်ကယ်တော့တစစီဖြစ်သွားကြောင်း မလေးလိုရှင်းပြလိုက်ပါသည်။ ကျမကို အထူးအဆန်းသဖွယ် ၀ိုင်းအုံကြည့်နေကြခြင်းကတော့ ဆိုင်ကယ်ဒီလောက်ဖြစ်တာတောင် လူဘာမှမဖြစ်ခြင်းကို အံ့သြနေကြပါသည်။  ကျမသူငယ်ချင်းကို ဆိုင်ကယ်မှောက်လို့  လာခေါ်ပါ ဆိုတော့ သူငယ်ချင်းကလဲ ချက်ခြင်းရောက်လာပါသည်။ ဆိုင်ကယ်ကို မောင်းယူရန်တယောက်နှင့် သူငယ်ချင်း တို့ ရောက်လာသောအခါမှ ကားသမားများ ဆိုင်ကယ်သမားများလည်း သူ့ လမ်းသူသွားလိုက်ကြပါသည်။ ထိုအချိန် ကျမသူငယ်ချင်းက   အမဘာဖြစ်သွားသေးလဲ   ဟုမေးတော့မှ     ကိုယ့်ကိုယ်ကို ကြည့်ဖြစ်ပါသည်။ လက်တွင်စွပ်ထားသောသားရေလက်အိတ်တခုလုံး ပွန်းနေပြီး ထမိန်နောက်က ပေါက်သွားပါသည်။ ညာဘက်လက်မောင်းရင်း၌ အနည်းငယ်ပွန်းနေပါသည်။ ကျန်တာဘာမှမဖြစ်ခဲ့ပါ။ ကျမသူငယ်ချင်း ပြောမှသိလိုက်ရတာက ဆိုင်ကယ်ရှေ့ ဘီးပေါက်သွားပြီး လမ်းလည်ကို ဆွဲသွားတာပါ။ မောင်းသောအရှိန်ပြင်းသောကြောင့် ဆိုင်ကယ် တစစီဖြစ်သွားတာပါ တဲ့။  ကျမသာလမ်းလည်ခေါင်တချက်အသိမ၀င်ခဲ့ပါလျှင် အလယ်တိုင်များနှင့် ဆိုင်ကယ်ရိုက်သလို ကျမတကိုယ်လုံးလဲ  ကြေမွနေလောက်ပါပြီ။  နောက်ထပ်တခါ အသက်ဘေးက သီသီလေးလွတ်ခဲ့ရပါသည်။
happy birthday , May you be happy ,healthy and wealthy in the rest of your life starting today.

မလေးရှားတွင်ပင်ဖြစ်ပါသည်။ ကျမအလုပ်တခုလုပ်ရန်အတွက် စရံငွေနှစ်ထောင်ပေး၍ အပ်နှံခဲ့ပါသည်။ ထို အလုပ်မဖြစ်ခဲ့သောကြောင့် ပေးထားသော စရံငွေနှစ်ထောင်ကိုပြန်တောင်းရာ  မှစတင်ခြင်းပါ။ ကျမကို ထိုပိုက်ဆံ နှစ်ထောင်ပြန်ပေးမယ် အမ ကျနော့နောက်လိုက်ခဲ့ပါ  ကျနော့သူငယ်ချင်းကိုပြောထားပြီးပြီ သူငယ်ချင်းအိမ်မှာသွားယူရမှာ အမ ဟုဖုန်းဆက်၍ပြောပါသည်။ ကျမက ကိုယ့်ကားနှင့်ကိုယ်လိုက်မည် ဟုပြန်ပြောသော အခါ ကျနော်တို့ ပြန်ပို့ ပေးပါ့မယ် အမ ကားမယူလာပါနဲ့  ပိုက်ဆံယူပြီးပြန်လာရုံဘဲ ဆိုသောကြောင့် ကျမလိုက်ပါသွားပါသည်။ ကျမကို ကားပေါ်တွင်စကားတပြောပြာနှင့် ကားမောင်းသူက တယောက် ပိုက်ဆံယူသူကတယောက် ကျမနှင့်သုံးယောက် ဖြစ်ပါသည်။ ကျမ တို့ သွားနေရင်းနှင့် ပိုက်ဆံယူသောသူက ဖုန်းဆက်ပါသည်။ မင်းတို့ အဆင့်သင့်ဖြစ်ပြီလား အမပါပါလာတယ်နော် အဆင်သင့်ဖြစ်အောင်လုပ်ထားအုံး ဆိုပြီး ခဏအကြာတွင်လမ်းဘေး၌ ကားရပ်ပြီး မင်းတို့ က ဘယ်မှာလဲ ငါလဲမတွေ့ ဘူး အဆင်သင့်ဖြစ်အောင်စောင့်နေပါဆို မစောင့်ဘူး ဘာညာနှင့်ပြောပြီး ကားနောက်ဘက်သို့ လမ်းလျှောက်သွားပါသည်။ ကျမလဲ သူသွားရာ နောက်သို့  လိုက်ကြည့်မိပါသည်။ တော်တော်ဝေးဝေးနေရာရောက်တော့ သူနှင့် လူနှစ်ယောက် စကားပြောနေသည်ကို မြင်ရပါသည်။ ခဏအကြာတွင် ကားနားသို့ ပြန်ရောက်လာပြီး ကားကို နောက်ဆုတ်၍ ပြန်မောင်းခိုင်းပြီး လမ်းကြားတခုထဲသို့ ကွေ့ ဝင်လိုက်ပါသည်။ လမ်းဆုံးလျှင်ရောက်ပြီဖြစ်ကြောင်း ကျမကိုလှည့်ပြောပါသေးသည်။ မှောင်မဲနေပါသည်။ ကားရပ်လိုက်သည်နှင့် မျက်နှာကို အ၀တ်စည်းထားသောလူ သုံးယောက် တယောက်က ကျမလည်ပင်းကို ဒါးထောက်၍ မလှုပ်ရန် မအော်ရန် အော်ပါက လှီးပစ်လိုက်မည်ဟု ခြိမ်ခြောက်ပြီး ကားပေါ်က ဆွဲချပါသည်။ တယောက်က ကားသမားကို ဟန်လုပ်၍ အော်ပြီး  ကားကို ပြန်ထွက်ရန် မောင်းထုတ်နေပါသည်။ မလုပ်ပါနဲ့  ဟုပြောပြီး လည်ပင်းက ဒါးကို လက်နဲ့ ကိုင်လိုက်ရာ လက်သုံးချောင်းမှာ သွေးများထွက်နေပါပြီ။ ကျမကို တရွတ်တိုက်ဆွဲခေါ်ခြင်းကြောင့် ကားပေါ်တွင် ဖိနပ်ကျန်ခဲ့ပါသည်။ ကျမမျက်နှာကို အ၀တ်စည်းပါသည်။ လက်နှစ်ဖက်ကို နောက်သို့ ဆွဲယူ၍ ကြိုးနှင့်ချည်ပါသည်။ ကျမ၏ယုံကြည်ခြင်းက ကျမကို ဒုက္ခပေးပါပြီ။ ကျမကိုပြန်ပေးဆွဲခြင်းပါ။ ပိုက်ဆံစရံ.ယူသောသူက ကျမအား ပိုက်ဆံနှစ်ထောင်ပြန်တောင်းခြင်းကြောင့် အပစ်တင်စကားပြော၍ ကျမ၀တ်ထားသော စိန်နားကပ်နှစ်ရံ (နားပေါက်နှစ်ပေါက်ဖေါက်ထားသောကြောင့်) စိန်လက်စွပ်နှစ်ကွင်း ရွှေဆွဲကြိုး (နှစ်ကျပ်သားတကုံး ) စိန်လော်ကက်တခု ရွှေလက်ကောက်နှစ်ကွင်း ရွှေလက်ကြိုး နှစ်ကြိုး ရွှေလက်စွပ် လေးကွင်း ခြေကျင်း နှစ်ခု ခြေချောင်းတွင်စွပ်ထားသော ခြေစွပ်နှစ်ကွင်း အားလုံးတို့ ကို ချွတ်ယူနေပါသည်။ ပြီးတော့ တရွတ်တိုက်ဆွဲခေါ်၍  ကိုယ့်တွင်းကိုယ်တူး ရမည်ဟုပြောပါသည်။ တညလုံးထိုင်လိုက် သွားလိုက်နှင့် တနေရာအရောက်တွင် ရပ်တန့် သွားပါသည်။ ကျမကို ခြေထောက် နှင့် လက်တွဲ၍ ကြိုးချည်လိုက်ပြီး  အိပ်ရန်ပြောပါသည်။ တောထဲတွင်ဆိုသော်လည်း ဘေးဘက်တွင် အိမ်များ အသံများကြားနေရပါသည်။  ထိုသို့ နှင့်မနက်မိုးလင်းခဲ့ပါသည်။ တနေရာမှ တနေရာသို့ ထပ်ပြောင်း ပြန်ပါသည်။ ရော်ဘာပင်အပုလေးများကြားတွင်ဖြစ်ပါသည်။ ကျမကို မျက်နှာကိုဖြည်ပေး၍ မလေးငွေရင်းဂစ် ငါးသောင်းတောင်းပါသည်။ ကျမအနေနဲ့ မတတ်နိုင်ကြောင်း မလေးရှားတွင် သူငယ်ချင်းမရှိကြောင်း ပိုက်ဆံတောင်းရန်လူလဲမရှိကြောင်းပြောသောအခါ  မြန်မာပြည်သို့ ပြန်မှာရန် ဖုန်းဆက်ခိုင်းပါသည်။ မြန်မာငွေ သိန်းသုံးဆယ်ပေးရန် ဈေးတည့်သွားပါသည်။ ကျမမြန်မာပြည်မှ ကျမအကိုထံဖုန်းဆက်ပါသည်။ အကိုမရှိပါ။ ဘုရားဖူးထွက်သွားပါသည်တဲ့။ ကျမတူမလာကိုင်ပါသည်။ ကျမတူမကိုလဲ ဆဲလိုက်သည်မှာ ရစရာပင်မရှိပါ။ ကျမတူမကို နက်ဖြန် နေ့ လည် ပိုက်ဆံပို့ ရန်ပြောလိုက်ပါသည်။ ကျမဖုန်းလာသောအခါ သူတို့  ပိတ်ပစ်လိုက်ပါသည်။ ကျမအနေနှင့်မလေးရှားမှ သူငယ်ချင်းများကို ကျမကြောင့် ထပ်ဒုက္ခမရောက်စေချင်သောကြောင့် လုံးဝကို အဆက်အသွယ်မရှိကြောင်းသာငြင်း ၍ မည်သူမှမရှိကြောင်းသာ ထပ်ခါတလဲလဲပြောခဲ့ခြင်ြး ဖစ်ပါသည်။ ဈေးတည့်၍ ပိုက်ဆံမှာပြီးသောအခါ ကျမအား အိမ်သော့တောင်း၍ အိမ်တွင်ရှိသော လက်ဝတ်လက်စားများ(ရောင်စုံကျောက်ဆွဲကြိုး လက်ကောက် နားကပ် လော်ကက် လက်စွပ် တဆင်စာ) ခရမ်းစွဲ (နားကပ်တရံ လက်စွပ်တကွင်း)၊ ပတ္တမြား(လက်စွပ်တကွင်း နားကပ်တရံ) စိန်နားကပ်တရံ ရွှေဆွဲကြိုး ငါးမူးသားတကုံး ရွှေဟန်းချိန်း လေးခု  ဒေါ်လာ(နှစ်ထောင့်ခြောက်ရာ) တို့ ကိုသွားယူပြန်ပါသေးသည်။ ပါသွားသောပိုက်ဆံအိတ်ထဲမှာ ရင်းဂစ် နှစ်ထောင်ကျော်နှင့် စိန်နားကပ်ဘောက်ချာ မလေးရှားယဉ်မောင်းလိုင်စင် မြန်မာပြည်မှတ်ပုံတင် မြန်မာပြည်ကားလိုင်စင် တို့ ပါသွားပါသည်။ ပတ်စ်ပို့ စာအုပ်မှာ ထိုင်းသွားရန် ထိုင်းသံရုံးတွင် ဗီဇာသွားတင်ထားသောကြောင့် ကံကောင်းထောက်မစွာနဲ့ ကျန်နေပါသည်။ သူတို့ အတွက် ထမင်းစားချိန်တွင် ထမင်းပို့ သူနှင့် ရေဗူး များနှင့် ပျော်ပွဲဖွဲ့ နေကြပါသည်။ ကျမကိုထမင်းစားရန် ထမင်းတထုတ်ပေးပါသည်။ လက်ကိုကြိုးဖြေပြီး စားစေပါသည်။ ထမင်းစားပြီး နောက်တနေရာသို့  ထပ်ရွေ့ ပြန်ပါသည်။ တနေရာပြီးတနေရာရွေ့ နေခြင်းဖြင့် ညသို့ ရောက်လာပြန်သည်။ ကျမကိုအိပ်ရန် ကြိုးများကိုဖြေပေးထားပြီး အခင်းခင်းပေးပါသည်။ ကျမလဲတနေ့ ကုန်ပင်ပန်းလွန်းသောကြောင့် အိပ်ဆိုသောနေရာတွင်လှဲ ချလိုက်သည်နှင့် အိပ်ပျော်သွားပါသည်။ မနက်လေးနာရီလောက်တွင် ကျမဖြတ်ကနဲ နိုးလာပါသည်။ ကျမကိုယ်ပေါ် တွင် စောင်တထည်ရှိနေပါသည်။ ဘေးဘီကို ကြည့်လိုက်သောအခါ သုံးယောက်က ထိုင်လျှက် နှစ်ယောက်ကအိပ်လျှက် အိပ်ပျော်နေကြပါသည်။  ကျမ ထ၍ ပြေးပါပြီ။  ကျမ အိမ်ကြိုအိမ်ကြား များက  ဖြတ်၍ ပြေးပါသည်။ ခွေးဟောင်သံများကလည်းဆူညံနေပါသည်။ ကျမသူတို့ လက်ကလွတ်ဘို့ သာ အဓိကဖြစ်နေပါသည်။ တနေရာအရောက်တွင် အိမ်ရှေ့ ၌အကျီ င်္ချွတ်နှင့် ကုလား(အိန္ဒိယ)တယောက်ကို တွေ့ လိုက်ရပါသည်။ ကျမ သူ့ ဆီသို့ ဦးတည်၍ ပြေးသွားပြီး ကူညီပါရန်  ထိုသူကလည်း ချက်ခြင်းပင် သူ၏အိမ်ထဲသို့  ခေါ်သွားပါသည်။ အိမ်ထဲတွင် ထိုသူ၏မိန်းမနှင့် သမီးနှစ်ယောက်ရှိနေပါသည်။ ခွေးများဟောင်လွန်းသောကြောင့် အပြင်ထွက်ကြည့်ခြင်းပါတဲ့။ ကျမကံကောင်းဘို့ ဖြစ်လာခြင်းပါ။ ကျမလွတ်သွားပါပြီ။ ကျမကို ရေချိုး ရန်နှင့် အကျီ င်္လဲရန်ပေးပါသည်။ ကျမအကျီ င်္တွင် သွေးများ ပေကျံနေသောကြောင့်ပါ။ လက်မှထွက်သောသွေးများပေနေခြင်းပါ။ ရေချိုး ပြီးမှ ကျမအဖြစ်အပျက်များကို သူတို့ အား အကြာင်းစုံ ရှင်းပြ၍ ကျမ၏ သူငယ်ချင်းထံ ဖုန်းဆက်လိုက်ပါသည်။ ကျမသူငယ်ချင်းက ကားနှင့်လာခေါ်ပါသည်။  ကျမကံကြမ္မာက ပိုက်ဆံပေးပြီးလျှင်လည်း ဘာဖြစ်မည်ကို မသိခဲ့သောကြောင့်  ကျမသေတွင်းက လွတ်ပြန်ပြီဟု  ခံစားခဲ့ရပါသည်။

ထိုင်းနိုင်ငံကမ့်ထဲတွင်နေထိုင်သည်မှာ သုံးနှစ်မြောက်ဖြစ်လာသည့်အခါ ကျမမှာ အူမကြီးကင်ဆာဖြစ်လာခဲ့ပါသည်။ ဆရာဝန်မှ မခွဲစိတ်ဘဲဒီအတိုင်းထားပါလျှင် ခြောက်လသာခံပါမည်ဟု ကျမကိုပြောလိုက်ပါသည်။ ကျမသက်တမ်းခြောက်လသာနေဘို့ ဆုံးဖြတ်လိုက်မိပါသည်။ သို့ သော်တရက် ကျမစဉ်းစားမိသည်မှာ ကျမအနေနဲ့ တဦးတည်းနေရသောအခါ ရုတ်တရက်ဖြစ်လာပါက လူအများ သယ်ယူရန် ဆေးရုံပို့ ရန် ဒုက္ခရောက်ရမည်ကို မလိုလားပါ။ ထို့ ကြောင့်ခွဲစိတ်ကုသခံယူရန် သွားရောက်ပြောပြီး ခွဲစိတ်ကုသခံယူရန် ၉-၉-၂၀၁၂တွင်ဆေးရုံတက်ခဲ့ပါသည်။ ကျမဆုတောင်းမိပါသည်။ ခွဲခန်းထဲတွင်ပင် ကျမအသက်ထွက်သွားပါစေရန်ဖြစ်ပါသည်။ ဆယ်ရက်နေ့ နေ့ လည်တနာရီမှာ ခွဲစိတ်ခန်းခေါ်သွားသောအခါ ကိုယ့်ကိုယ်ကို သရဏဂုံတင်လိုက်မိပါသည်။ သို့ သော် ဆယ့်တစ်ရက်နေ့ နံနက် သုံးနာရီတွင် ပြန်လည်သတိရလာပြီး အစစအရာရာ အကောင်းအတိုင်းဖြစ်၍ သေတွင်းမှ ထပ်မံလွတ်မြောက်ခဲ့ ပြန်ပါသည်။ လေးကြိမ်မြောက် သေတွင်းမှ လွတ်မြောက်လာသော ကျမ၏  နောက်ဆုံးအချိန် ဘယ်တော့ကျရောက်မည် ကို စောင့်စားရင်း ယနေ့ ကျရောက်သော မွေးနေ့ တွင် တသက်တာ အမှတ်တရဖြစ်စရာများကို ရေးသားမိခြင်းဖြစ်ပါသည်။

မှတ်ချက်။ မလေးရှားတွင် နေခဲ့စဉ်က နေ့ စဉ်နေတိုင်း ပရိတ်ကြီး ၁၁ သုတ် နှင့် ဓါရဏပရိတ်တို့ ကို ရွတ်ဖတ်ပူဇော်ပါသည်။
ရင်နင့်ဖွယ်အဖြစ်အပျက်များကို ရေးနေရင်းပြန်လည်မြင်ယောင်နေမိသော်လည်း အတိုချုပ်သာေ ရးထားခြင်းဖြစ်ပါသည်။  မခံစားနိုင်လို့ ပါ။
ပြန်ပေးဆွဲသူတဦး၏ ညာဘက်လက်ဖျံတွင် အမေ့သား ဟူသောစာတမ်းထိုးထားပြီး ကရင်လူမျိုး၊ နောက်တယောက်က နဖူးစပ်တွင် လက်သဲခွံခန့် ချိုင့်ကဲ့သို့ ဖြစ်နေသော အမာရွတ်တခုရှိပြီး အိန္ဒိယလူမျိုးဖြစ်ပါသည်။ အားလုံး ငါးဦးမှာ နှစ်ဦး သည်ကရင်လူမျိုးဖြစ်ပြီး သုံးဦးသည် အိန္ဒိယ လူမျိုးများဖြစ်ပါသည်။ အိန္ဒိယလူမျိုး များသည်လဲ ကရင်လိုပြောတတ်ကြပါသည်။ ကားအမျိုးအစားက မလေးရှားနိုင်ငံထုတ် Proton Saga မီးခိုးရောင် နံပါတ်က ရှေ့ အက္ခရာကို မသိပါ။ နောက်ဂဏန်းလေးလုံး က 8271  ပါ။ အဲ့ဒီလေးလုံးတော့မှတ်မိပါသည်။ ဘယ်လိုစဉ်သည်ကိုမေ့သွားပါပြီ။
ကျမရဲ့ နောက်ဆုံးဆိုတာများဖြစ်ခဲ့ရင်မောင့်နဲ့ အားလုံးကိုနှုတ်ဆက်ချင်လို့ ပါနော် ဒါလေးတော့လိုက်လျှောပေးပါမောင် ဒီသီချင်းလေးဖွင့်ထားပါနော် နောက်ဆုံးဆန္ဒလေးပါ

video

2 comments:

စံပယ်ချို said...

ဖတ်ပြီးတော့ ဘာကိုောကာက်မှန်းမသိကြောက်လာတယ်
အတော်လေးအဖြစ်ဆိုခဲ့တာပါလားကွယ်
ဂျက်လဲရောဂါအတော်စုံတယ် ငယ်ငယ်ကတဲ နှလုံးရောဂါ
၄၀ နားနီးတော့ တခါခုသွေးတိုး အစာအိမ်
စုံနေတာပဲ အဲတာနဲ့ပဲ နေ့တိုင်းစိတ်ညစ်နေရပြီထင်နေတာ
သူ.ငယ်ချင်းက ကိုယ့်ထက်တောင်ဆိုးနေပါလားကွယ်
အဲလိုလူတွေက ပိုက်ဆံညစ်တာ ကြားဖူးတယ် သူများတွေပြောပြလို့ ကိုတိုင်တော့ မကြုံဘူးပါဘူး
(လွှဲပါစေ ပယ်ပါစေ)
နောက်ဆိုင်ကယ်စီးရင် ကလပ် ဘီးကိုစီးလေ သူက
စီးရခက်ပေမဲ့ လုံခြုံမှုရှိတယ်...
ခုဘယ်မှာနေလဲ....အဆင်ပြေရဲ့လား

yee lin said...

ဘယ်အချိန်သေမယ်ကို သူပေးတဲ့ဝေဒနာတွေကိုရင့်နင့်အောင်ခံစားပြီး စောင့်စားနေတာ ထိုင်းနိုင်ငံရဲ့ ဒုက္ခသည်စခန်းထဲမှာလေ