ကျမမလေးရှားရောက်တော့ ပွဲစား ပို့ ပေးသောအလုပ်ရှာပေးနိုင်သောလူအိမ်တွင်နေရပါသည်။ ကျမရောက်သောနေ့ တွင် ကျမရေချိုးရန်အတွက် ရေချိုးခန်းဝင်စဉ်တွင် ထို အလုပ်ရှာပေးသောလူက ဆပ်ပြာခြင်းတောင်းလာပေးပါသည်။ ခြင်းတောင်းဆိုသည်မှာ ခေါင်းလျှော်ရည်ဘူးစသောအစုံအလင် ထည့်ထားသောခြင်းကို ဆိုလိုပါသည်။ ထိုသူက တံခါးအပေါ် ကပေးသော်လည်း တံခါးချက်မှာမခိုင်သောကြောင့် တံခါးပွင့်သွားရာ ကျမလဲအလန့် တကြားနှင့် တံခါးကို ပြန်ပိတ်လိုက်ပြီး ဆပ်ပြာခြင်းကို လှမ်းယူလိုက်ပါသည်။ စစခြင်းဆောက်နှင့်ထွင်းခြင်း ဆိုတဲ့စကားကကျမအတွက်များလား။ ကျမ၏မလေးရှား စရောက်ရောက်ခြင်းအဖြစ်အပျက်တခုပါ။ ကျမက အမျိုးသား၏ စပန့် သားအကျီ င်္များကို ယူသွား၍ အောက်ခံအကျီ င်္ကျောအပြည့်နှင့်ဝတ်ပါသည်။ ထိုသို့ ဝတ်စားခြင်းကပင် ထိုသူ၏ မျက်စေ့ကျစရာဖြစ်နေပြန်ပါသည်။ ကျမသွားခြင်းသည် အလုပ်လုပ်ရန်အတွက်ဆိုသော်လည်း ကျမဘာမှ မည်မည်ရရမတတ်ပါ။ စက်လဲကျွမ်းကျွမ်းကျင်ကျင်မတတ်။ အချက်အပြုတ်ကလဲလူစဉ်မမှီ။ စားသောက်ဆိုင်လုပ်ရန်ကလဲ ရုပ်ရည်ကလဲမရှိ။ သို့ သော် ထိုအိမ်တွင် ဘိန်းစားများ ကိုချက်ပြုတ်ကျွေးရန် ကျမမီးဖိုဆောင်သို့ ဝင်ခဲ့ရပါသည်။ အလုပ်မရခင်စပ်ကြားဟုပြော၍ ၀င်ခိုင်းခြင်းပါ။ ဘိန်းစားများ ဆိုသည်မှာ အလုပ်ရှာပေးမည်ဆိုသောသူတယောက်သာလျှင် အလုပ်ရှိ၍ သူ့ သူငယ်ချင်းများအားလုံးမှာ သူ့ အားမှီ၍ စားနေကြသောသူများဖြစ်ပါသည်။ အလုပ်လုပ်လျှင်လည်း အိမ်လခရရန် သုံးရက်ခန့် အလုပ်ဆင်း၍ အိပ်နေကြသောဘိန်းစားနေကြသော သူများဖြစ်ပါသည်။ ကျမတခါတရံဘူးမျှမမြင်ဘူးခဲ့သော အဖြစ်အပျက်များကြား ရောက်ရှိလို့ နေရပါသည်။ တနေ့ ကျမကို ပို့ ပေးသောပွဲစား ပြန်ရောက်လာပါသည်။ ကျမကို သူနှင့်အတူတကွနေပါ။ သူအားလုံးတာဝန်ယူပါသည်။ သူက ထိုင်းနှင့်မလေးရှားသို့ လူပွဲစားဖြစ်ပါသည်။ ထိုင်းတွင်လည်း ထိုင်းမတယောက်ကို အတူတကွနေထိုင်ပါသည်။ ကျမကိုတော့ မလေးရှားတွင်သူနှင့်အတူနေရန်အတွက်ပါတဲ့။ ကျမနေသောအိမ်တွင် အိမ်ခန်းငှားခများပေးပြီး သူထိုင်းသို့ ပြန်သွားပါသည်။ ကျမကို ထိုအိမ်ရှိ ဘိန်းစားများက သူတာဝန်ယူပါမည် ငါတာဝန်ယူပါမည် နှင့် ဘိန်းရှုသောအခန်းတွင်လုနေကြသည်ဟု တဆင့်ပြန်ကြားမိသောအခါ ကျမကျောချမ်းနေရပါသည်။ ထိုအချိန်တွင်ပင် အလုပ်ရှာပေးမည့်သူက ကျမအားအလုပ်ရှာပေးရန် အလုပ်ရှိသောနေရာသို့  ခေါ်သွားသော်လည်း အလုပ်အစဉ်မပြေသဖြင့် ထိုအိမ်၌ ပင်ပြန်နေရပြန်ပါသည်။ ကျမဟင်းချက်နေရပါသည်။ ဟင်းချက်သည်ဆိုသည်မှာလည်း အထူးအထွေမဟုတ်ပါ။ ကြက်ဥဟင်း၊ ကြက်ဥကြော်၊ ပဲနီလေးဟင်း၊ ပဲဟင်း များသာလည်နေပါသည်။ သူတို့ အားလုံးကို ထိုဟင်းများမှသာတတ်နိုင်ပါမည်။ တခါတရံတွင် ထမင်းမစားရသောနေ့ ပင်ရှိပါသည်။ ကျမတော်တော်ကိုစိတ်ကုန်နေမိပါသည်။မလေးရှားလာမိသည်မှာမှားပြီဟုပင်ကောက်ချက်ချနေမိပါသည်။ ကျမရောက်ပြီး နှစ်ဆယ့်နှစ်ရက်မြောက်နေ့ တွင် ပဲကုလားဟင်းထဲ ဆီသတ်အိုးကို ထည့်ရန် မလိုက်စဉ် ခြေထောက်ပေါ်သို့ ဆီပူများအကုန်ကျကုန်ပါသည်။ ကျမလဲစီးထားသော ဖိနပ်ကို ချွတ်ပစ်လိုက်ရာ အရည်ပြားပင်ပါသွားပြီး အဖြူထည်အတိုင်းကျန်ခဲ့ပါသည်။ ကျမဆီပူလောင်နေပါသည်။ အလုပ်လုပ်ဘို့ မဆိုထားနှင့် လမ်းတောင်မလျှောက်နိုင်တော့ပါ။ ကျမကံကြမ္မာဆိုးလေစွ။ ဆေးခန်းပြဘို့ နေနေသာသာ ဆေးပြာပင်ဝယ်ရန်ပိုက်ဆံမရှိခဲ့ပါ။ ကျမထိုအတိုင်းပင်နေခဲ့ပါသည်။ ကျမအနာမှာ နှစ်လခန့် ကြာခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ ဘိန်းစားနေစဉ် ဘိန်းငွေ့ တွေက ကျမအနာသို့ ဝင်ခဲ့ပါသည်။ ရက်နဲနဲကြာလာသော် သူတို့ ဘိန်းရှုချိန်ရောက်လျှင် ကျမအနာကကိုက်လာပါသည်။ သူလဲ ဘိန်းငွေ့ ကိုရှုဘို့ တောင်းနေခြင်းပါ။ ဘိန်းငွေ့ လဲရရော ကိုက်တာလဲပြောက်သွားပါသည်။ တရက်နှစ်ရက်ခန့် သတိမထားမိပါ။ သုံးရက်မြောက်နေ့ တွင် သတိထားမိလိုက်ပါပြီ။ ကျမ ကို အိမ်ပြောင်းပေးပါရန် တောင်းဆိုမိပါသည်။ ကျမကို အလုပ်ရှာပေးမည့်သူက သူ့ သူငယ်ချင်းအိမ်တွင် အခန်းသွားငှားပေးပါသည်။ အကြွေးနှင့်ပါ။ ထိုအိမ်မှာနေသောသူများက အလုပ်ကိုကောင်းမွန်စွာလုပ်ပြီး မိဘများဆီသို့  ပိုက်ဆံပို့ နေသောသူများဖြစ်ပါသည်။ ကျမကိုလဲဂရုစိုက်ကြပါသည်။ ကျမထိုအိမ်တွင်သုံးလခန့် နေပြီးနောက်အလုပ်ရရာနေရာသို့ ပြောင်းရွေ့ နေထိုင်ခဲ့ပါသည်။ ကျမကို ပို့ သောပွဲစားကတော့ပေါ်မလာတော့ပါ။ ကျမကိုအလုပ်ရှာပေးမည့်သူကတော့ အမြဲတမ်းလာပါသည်။
ကျမကိုအမတယောက်ကဲ့သို့  လာရောက်စောင့်ရှောက်ပေးခြင်းဖြစ်ပါသည်တဲ့။ ကျမထိုစက်ရုံ၌ အလုပ်လုပ်နေရင်း ချာတိတ်လေးတယောက်နှင့် ရင်းနှီးခြင်း တခုစတင်ဖြစ်ခဲ့ပါသည်။ ကျမတို့ ၏ရိုးရိုးသားသားရင်းနှီးခြင်းကို အလုပ်ရှာပေးမည့်ပွဲစားကရေးကြီးခွင်ကျယ်လုပ်၍ ရောက်လာကာ ချာတိတ်ကလေးကို ကြိမ်းမောင်းပြီး ဒီစက်ရုံတွင်အလုပ်ဆက်မလုပ်ရန် မောင်းထုတ်လိုက်ပါသည်။ ချာတိတ်ကလေး တခြားနေရာတနေရာသို့ ပြောင်းသွားပါသည်။ ကျမကိုတော့ဖုန်းဆက်ပါသည်။ ကျမအလုပ်ပိတ်လျှင် ချာတိတ်ကလေးထံသို့ သွားတတ်ပါသည်။ တရက်ချာတိတ်ကလေး ထံသွားစဉ် နောက်ကျသွားပါသည်။ တော်တော်မိုးချုပ်မှ စက်ရုံသို့ ပြန်ရောက်လာသောကျမကို ပွဲစားက သူ့ စောင့်နေသည်မှာကြာလှပြီး ချာတိတ်ကလေး၏ အလုပ်သို့ ပင်ရောက်ခဲ့ကြောင်းပြောပါသည်။ နောက်ထပ်ထပ်သွားလျှင်ချာတိတ်ကို သတ်ပစ်မည်ဟုပင်ခြိမ်းခြောက်လာပါသည်။ ကျမကိုလည်း သူကြိုက်နေကြောင်း ပြောပါသည်။ ကျမကတော့ သူ့ စကားများကို အရေးတယူမလုပ်ခဲ့ပါ။ သွားမြဲသွားဖြစ်ခဲ့သည်။ တနေ့  ညနေခြောက်နာရီခန့် တွင် ချာတိတ်ကလေး၏ စက်ရုံမှ ဖုန်းဆက်လာပါသည်။ ချာတိတ် ဒါးထိုးခံရလို့ ဆေးရုံရောက်နေပါသည်တဲ့။ ညနေ သုံးနာရီ Tea Time အချိန်တွင် လူနှစ်ယောက်လာတွေ့ ပါသည်တဲ့။ ပြီးတော့ လည်ပင်းတွင် နှစ်ချက် လည်မြိုတွင်တချက်ထိုးသွားရာ သွေးများအလွန်ထွက်နေပါသည်တဲ့။ကျမတော်တော်တုန်လှုပ်သွားပါသည်။ မနက်မိုးလင်းစအချိန်တွင် ဖုန်းဆက်ကြည့်ရာ ချာတိတ်သေပါပြီတဲ့။ ကျမဆေးရုံသို့ လိုက်သွားကြည့်ခဲ့ပါသည်။ ကျမဘာဆိုဘာမှမတတ်နိုင်ခဲ့ပါ။ ကျမကြောင့် ချာတိတ်ကလေးဒုက္ခရောက်သွားခဲ့ပါပြီ။ ကျမဆီသို့ ပွဲစားရောက်လာပြီး နောက်ထပ်တနေရာတွင် အလုပ်သွင်းပေးခဲ့ပါသည်။ ချာတိတ်ကိစ္စအတွက် ကျမကိုပါ ခြေရာဖြောက်ခြင်းဖြစ်ပါသည်။ ကျမ ကိုလဲခြိမ်းခြောက်ပါသည်။ နောက်တခါထို အဖြစ်အပျက်မျိုးဖြစ်ခဲ့ရင် ကျမကိုသတ်ပါမည်တဲ့။ ကျမသူ့ လက်ကလွတ်ရန် မြန်မာပြည်ပြန်ရုံကလွဲလို့ တခြားနည်းမရှိတော့ပါ။ ထို့ အတွက်ကြောင့် ကျမမြန်မာပြည်ပြန်ပါတော့မည်။
ထို အကြောင်းအရာများသည် ကာယကံရှင်ကိုယ်တိုင် မြန်မာပြည်မပြန်ခင် ကျမဆီမှ အကူအညီတောင်းခံရင်း ပြောပြသွားသောဖြစ်ရပ်မှန် ဇါတ်လမ်းလေးကို ပြန်လည်တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ထိုအမျိုးသမီး မှာ မျက်ရည်ဖြိုင်ဖြိုင်ကျရင်း ရင်တွင်းခံစားချက်များကို ပြောပြပြီး ကျမချိတ်ပေးသောပွဲစား နှင့် နောက်ရက်တွင် မြန်မာပြည်သို့ ပြန်သွားပါတော့သည်။
No comments:
Post a Comment