Saturday, March 2, 2013
တစ္ဆေခြောက်ခံရခြင်း
ကျမအိမ်ထောင်ကျသောအခါ ကျမအဒေါ် ဖေဖေ့အကို၏မိန်းမ က မင်္ဂလာ ကိစ္စများကို လိုက်ပါဆောင်ရွက်ပေးပါသည်။ ကျမဖေဖေက ၀န်ထမ်း ဖြစ်၍ ထားဝယ်တွင် တာဝန်ကျနေပြီး မေမေက မော်လမြိုင် ရေပေါ်ဈေးထဲတွင် လ္ဘက်ရည်ဆိုင်ဖွင့်ထားပါသည်။ ကျမဖေဖေနှင့်မေမေ က ပိုက်ဆံသာပေး၍ လစ်လျှူ ရှုထားခဲ့ပါသည်။ သို့ သော် ကျမအတွက်မေမေက တလလျှင် လခ သဘောမျိုးပေးပါသည်။ ကျမအမျိုးသား က သူ့ သူငယ်ချင်း ရထားသောလိုင်းခန်းတွင် နေထိုင်ရန် အစစအရာရာ စီစဉ်ထားပြီးသား ဖြစ်ပါသည်။ ထိုသို့ နှင့် ကျမ ကိုယ်ဝန်ရရှိခဲ့ပါသည်။ ကျမကိုယ်ဝန်ရထားမှန်းသိသော မေမေက စားစရိတ်အပြင် ဆေးခန်းသွားပြဘို့ အတွက်ပါ ထောက်ပံ့ပေးခဲ့ပါသည်။ ကျမမွေးဖွားရန်အတွက် မေမေရှိရာမော်လမြိုင်သို့  သွားရောက်ခဲ့ပါသည်။ ကျမသွားသောနေ့ က စနေနေ့ ဖြစ်ပါသည်။ မော်လမြိုင် သို့ ရောက်သောအခါ မေမေက ဖေဖေရှိရာ ထားဝယ်သို့  သွားနေသောကြောင့် ဆိုင်က အလုပ်သမား များက အိမ်သော့ပေး၍ နေစေခဲ့ပါသည်။ တနင်္ဂနွေနေ့  နံနက် နှစ်နာရီခွဲ ခန့် တွင် ကျမ ခါးထဲမှ မျက်ကနဲ ခံစားလိုက်ရပါသည်။  သို့ သော် ကျမပြန် အိပ်ဘို့ ကြိုးစားပါသည်။ ဘယ်လိုမှ အိပ်လို့ မရတော့ပါ။ ခါးထဲမှ တော်တော်ကို ကိုက်ခဲနေပါသည်။ ကျမအမျိုးသား က ရုံးကခွင့်ယူ၍ လိုက်ပို့ ပြီး ပြန်ရန်ဖြစ်ပါသည်။ ထိုသို့ ဝေဒနာကို ခံစားနေရသောကြောင့် အမျိုးသားက နံနက် ငါးနာရီတွင် မော်လမြိုင်မြို့ ရှိ ပေါ်ပြူလာသားဖွားအထူးကု ဆးခန်း သို့ ပို့ ပေးခဲ့ပါသည်။ သူလဲအတူတူ ကျမနှင့် ရှိနေပါသည်။ ကျမတို့ ၏ သားဦးလေး ကို နံနက် ခြောက်နာရီ ဆယ့်ခုနစ်မိနစ်တွင် အောင်မြင်စွာမွေးဖွားခဲ့ပါသည်။ ဆေးခန်းတွင် အခန်းပေးထားပါသည်။ အခန်းထဲတွင် ကုတင်နှစ်လုံးထည့်ထားပြီး အလည်တွင်စားပွဲတလုံးရှိပါသည်။ အခန်းပေါက် ကိုတော့လိုက်ကာနှင့်ကာထားပါသည်။ တံခါးမရှိပါ။ ကျမနှင့် သား က ကုတင်တလုံး ကျမအမျိုးသားက ကုတင်တလုံး နှင့်အခန်းထဲတွင် အဆင်ပြေစွာ နေထိုင်နိုင်ပါသည်။ စားရေးသောက်ရေးကိုတော့ ဆိုင်က ချက်ပြီး လာပို့ ပါသည်။ ထိုသို့ နှင့် သုံးရက်မြောက်သောညတွင်ဖြစ်ပါသည်။ ကျမ ဖြတ်ကနဲ နိုးလာသောကြောင့် မျက်စိဖွင့်ကြည့်လိုက်ရာ အခန်းဝမှ ဆံပင်ရှည်ကိုဖားလျှားချထားသော ကိုယ်ဝန်နှင့်အမျိုးသမီး လိုက်ကာကို မ၍ ၀င်လာသည်ကို အတိုင်းသားမြင်နေရပါသည်။ မျက်နှာကိုတော့မမြင်ရပါ။ ကျမရင်တွေတဒိန်းဒိန်းခုန်နေသည်ကို ပြန်ကြားနေရပြီး ကြောင်၍ ကြည့်နေမိ ပါသည်။ ပြီးတော့မှ ကျမအမျိုးသားကို သတိရသွားသောကြောင့် အမျိုးသား၏အမည်ကို အော်ခေါ်မိပါသည်။ သို့ သော် အသံလုံးဝမထွက်ပါ။ ကျမကသာ အားယူ၍အော်နေသော်လည်း ဘာသံမှကိုမထွက်လာပါ။ ထိုအမျိုးသမီး  တဖြည်းဖြည်းနှင့် ကုတင်နားရောက်ခါနီးမှ ကြောက်လွန်း၍ အသားကုန်အော်လိုက်မိပါသည်။ ထိုအချိန်တွင်မှ အသံထွက်သွားပြီး ကျမအမျိုးသားက ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ဟုအလန့် တကြားနှင့်ထလာပါသည်။ ကျမဘေးဘီကို ပြန်ကြည့်လိုက်သောအခါ ထို အမျိုးသမီး ၏ အရိပ်အယောင်ကို လုံးဝမမြင်ရတော့ပါ။ ကျမလဲဘာမှမပြောဆိုနိုင်တော့ပါ။ တော်တော်ကို ဆို့ နင့်နေပါသည်။ ကျမအမျိုးသားက ရေကို မန်းပြီး တိုက်ပါသည်။ ကျမအမျိုးသားကို ဟိုဘက်ကုတင်မသွားပါနဲ့  ကျမနားမှာ နေရန်သာခေါ်ထားမိပါသည်။
No comments: