Monday, March 9, 2015

ပုံပြင်ဟောင်း ( U ♡ Me )



အက္ခရာထက်၌ ပွင့်သော ဝါကျများ၏ အဆုးံတွင် မောင်နှင့်ကိုယ်တို့၏ ပျော်ရွှင်ခြင်းများရှိသည် လက်တစ်ဖက်ထဲနဲ့ မလုံလောက်သောအခါ လက်နှစ်ဘက်ဖြင့်လက်နှစ်ဘက်ဖြင့်မလုံလောက်သောအခါ ရင်ဘတ်တစ်ခုလုးံဖြင့်ရင်ဘတ်တစ်ခုလုးံနှင့် မလုံလောက်သောအခါမှာတော့ ဘဝတစ်ခုလုးံဖြင့် မောင့် ဘဝထဲကို စိတ်လိုလက်ရ ဝင်ပြီးချစ်ခြင်းမေတ္တာတွေနဲ့ စောင့်ရှောက်ခဲ့ပါတယ်။
တစ်ယောက်အသက်ရှုသံကို တစ်ယောက် ပုတ်နှိုးလို့ မကြာခဏလှမ်းလှမ်းကြည့်ရတဲ့ ချစ်ခြင်းဟာ သိပ်ပြီး အပြစ်ကင်းလှတယ်။နွေဆိုပေမယ့် လေနုလေး ဖြတ်တိုက်လိုက်သလို ပါးပါးလှပ်လှပ်ကလေး ပါပဲ။
ချစ်တယ် ဆိုတဲ့စကားကို မောင်က ပြောလို့မဝ ဘူးတဲ့။ကိုယ်ကလည်း မောင် ဘယ်နှစ်ကြိမ် ပြောပြော နားထောင်လို့ မဝဘူးလို့ ။ဒီလိုနဲ့ ချစ်တယ် ဆိုတဲ့ စကားကို အကြိမ်အရေအတွက် မမှတ်မိနိုင်လောက်အောင် ပြောဘူးကြတယ်။အမှတ်တရဆိုတာ ထူးထွေပြီး ကိုယ်တို့အတွက် မလိုတော့ပါဘူး။အတူရှိချိန်တိုင်းဟာ အမှတ်တရတွေပဲ။
မောင်နဲ့ပတ်သတ်ရင် ကိုယ့်မှာ မာနဆိုတာလည်း မရှိခဲ့ပြန်ဘူး။မိန်းမ တစ်ယောက်ပီပီ မောင့်ရင်ခွင်မှာ ခိုဝင်ပြီး မောင့်အရိပ်ကို မှီလို့ နူးညံ့စွာ မိန်းမပီသ ပြချင်တယ်။မောင့်ဆီက အရိပ်ရဖို့ ကိုယ်ကိုယ်တိုင် စောင့်ရှောက်ခဲ့တယ်။အပြန်အလှန် စောင့်ရှောက်ရတာ ချစ်ခြင်းရဲ့ မင်္ဂလာတစ်ပါးပဲ လို့  မောင့် ကိုပြောတော့ ကိုယ်သာ အနားမှာ ရှိရင် သူ့ဘဝပြည့်စုံပါပြီ တဲ့။ချစ်စရာကောင်းအောင် ပြောတတ်တဲ့ စကားတွေဟာ မောင့်နှုတ်ခမ်းနဲ့ လိုက်ဖက်အောင် ချို လွန်းတယ်။
လက်ရှိ ကျန်တဲ့ ဘဝရဲ့ အချိန်တိုင်းကို မောင့်လက်ကလေးကို ဆွဲပြီး လောကဓံကို တင့်တောင့်တင့်တယ် ရင်ဆိုင်ချင်တယ်။ကိုယ်ပိုင်ဆိုင်တဲ့ကိုယ့်ဘဝဟာ မောင့်အတွက်ဖြစ်တယ် ဆိုတာလည်း လောကကြီးကို သိစေချင်တယ်။ဒါဟာ ဒီကမ္ဘာမြေအတွက် လှလှ ပပ ပွင့်ပေးလိုက်တဲ့မိန်းမတစ်ယောက်ရဲ့ အချစ် စစ်စစ် တစ်ပွင့် ဖြစ်တယ် ဆိုတာလည်း ကမ္ဘာမြေကြီး သိစေချင်တယ်။
ခင်ဦး


No comments: